ကလေးပန်းနာရင်ကျပ်ဆိုတာ အဆုတ်နဲ့ လေပြွန်လမ်းကြောင်းတွေက ဝတ်မှုန် (သို့) အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းစတဲ့ လှုံဆော်မှုတွေကြောင့် အလွယ်တကူရောင်ရမ်းလာတဲ့ဝေဒနာဖြစ်ပါတယ်။ ဒီဝေဒနာက ကလေးတစ်ယောက်ရဲ့ ဆော့ကစားခြင်း၊ အားကစားလုပ်ခြင်း၊ အိပ်စက်ခြင်း၊ ကျောင်းပညာရေးကို နေ့စဉ်နီးပါး အနှောင့်အယှက်ပေးလာနိုင်ပါတယ်။ ကုသမှုမရှိတဲ့ ကလေးပန်းနာရင်ကျပ်ဟာဆိုရင် အန္တရာယ်ရှိတဲ့ အသက်ရှူကျပ်အမောဖောက်ခြင်းအထိ ဖြစ်စေနိုင်ပါတယ်။
ရောဂါလက္ခဏာများ 
အဖြစ်များတဲ့လက္ခဏာတွေကတော့ …
အသက်ရှူရင် တရွှီရွှီမြည်ခြင်း 
အသက်ရှူမဝခြင်း 
ရင်ဘတ်မှာ လေးလေးကျပ်ကျပ်ခံစားရခြင်း 
မကြာခဏ ချောင်းဆိုးခြင်း (အထူးသဖြင့် ဗိုင်းရပ်စ်ပိုးဝင်ချိန်၊ အိပ်စက်ချိန်၊ လေ့ကျင့်ခန်းပြုလုပ်ချိန်၊ လေအေးနဲ့ထိတွေ့ချိန်တွေမှာ ပိုဖြစ်ပါတယ်) 
ဖြစ်စေတဲ့အကြောင်းအရင်း 
ဖြစ်ရတဲ့အကြောင်းအရင်းကို အပြည့်အဝမသိရပေမဲ့ …
မိသားစုထဲမှာ အလာဂျီဖြစ်တဲ့သူရှိခြင်း  
မိဘမှာ ပန်းနာရင်ကျပ်ရှိခြင်း 
အရမ်းငယ်သေးတဲ့အချိန်မှာ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း 
ဆေးလိပ်ငွေ့၊ လေထုညစ်ညမ်းခြင်း အစရှိတာတွေနဲ့ပတ်သက်နေတယ်လို့ ယူဆကြပါတယ်။ 
ကိုယ်ခံအားစနစ် တုံ့ပြန်မှုလွန်ကဲခြင်းကလည်း ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ တစ်ခုခုနဲ့ ဓာတ်မတည့်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ ရာသီဥတုပြောင်းလဲခြင်းစတဲ့လှုံ့ဆော်မှုတွေနဲ့ကြုံတဲ့အခါ ရောင်ရမ်းခြင်း၊ ချွဲသလိပ်ထွက်ခြင်းတွေဖြစ်စေပါတယ်။
ဘယ်ကလေးတွေမှာ ပိုဖြစ်နိုင်လဲ? 
ကလေးပန်းနာရင်ကျပ်ဖြစ်နိုင်ခြေကို မြင့်မားစေတဲ့အရာတွေကတော့ …
ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်း 
ဓာတ်မတည့်တာရှိခြင်း 
မိသားစုဝင်ထဲမှာ အလာဂျီရှိသူ၊ ပန်းနာရင်ကျပ်ဖြစ်သူရှိခြင်း 
လူနေထူထပ်တဲ့နေရာမှာ နေထိုင်ခြင်း 
အဝလွန်ခြင်း 
အသက်ရှူလမ်းကြောင်းပြဿနာရှိခြင်း 
စားချဉ့်ပြန်ရောဂါရှိခြင်း 
ယောက်ျားလေးဖြစ်ခြင်း စတာတွေပဲဖြစ်ပါတယ်။ 
နောက်ဆက်တွဲပြဿနာများ 
ပန်းနာရင်ကြပ်ကြောင့် ကလေးက ပြင်းထန်တဲ့ အသက်ရှူကျပ်အမောဖောက်ခြင်း၊ အဆုတ်စွမ်းဆောင်ရည်ကျဆင်းခြင်း၊ ကျောင်းပျက်ခြင်း၊ ပညာရေးထိခိုက်ခြင်း၊ ညကောင်းကောင်းအိပ်မပျော်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ နေ့စဉ်လုပ်ဆောင်မှုတွေမှာ အနှောင့်အယှက်ဖြစ်ခြင်းတွေ ကြုံလာရနိုင်ပါတယ်။
ဘယ်အခါမှာ ဆရာဝန်နဲ့ပြသရမလဲ? 
ကလေးမှာ ပန်းနာရင်ကျပ်ရှိနေပြီလို့ထင်တာနဲ့ ဆရာဝန်နဲ့ပြပြီး ကုသမှုစောစောခံယူပါ။ အမြဲလိုလို (သို့) မကြာခဏချောင်းဆိုးခြင်း၊ အသက်ရှူရင် အသံမြည်ခြင်း၊ အသက်ရှူမဝခြင်း၊ ရင်ဘတ်တင်းတင်းကျပ်ကျပ်ဖြစ်ခြင်း၊ မကြာခဏ လေပြွန်ရောင်ခြင်း/အဆုတ်ရောင်ခြင်းတွေကို ကလေးက ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။
ဘယ်အခါမှာ အရေးပေါ်ကုသမှုလိုအပ်မလဲ 
ကလေးမှာ …
အသက်ရှူရခက်ခြင်း 
အသက်ရှူဖို့ ဝမ်းဗိုက်ကြွက်သားတွေပါ အသုံးပြုနေရခြင်း 
အသက်ရှူတဲ့အခါ နှာခေါင်းပေါက်ကျယ်လာခြင်း 
အသက်ရှူဖို့ သိသိသာသာအားထုတ်နေရခြင်း(ဥပမာ – ဝမ်းဗိုက်က နံရိုးအောက်ချိုင့်ဝင်ခြင်း)လက္ခဏာတွေပြသလာရင် အရေးပေါ်ကိစ္စမို့ အရေးပေါ်ကုသမှုလိုအပ်ပါတယ်။ 
ဘယ်လိုကာကွယ်မလဲ? 
ပန်းနာရင်ကျပ်ကြောင့် အမောဖောက်တာမဖြစ်ဖို့ဆိုရင် ဂရုစိုက်လိုက်နာမှုတွေ၊ ရှောင်ကြဉ်ခြင်းတွေလိုအပ်ပါတယ်။
ကလေးနဲ့ ဓာတ်မတည့်တာတွေကို ဖယ်ရှားခြင်း 
ကလေးအနားမှာ ဆေးလိပ်မသောက်ခြင်း 
ကလေးကျန်းမာနေရင် ကိုယ်လက်လှုပ်ရှားမှုကိုအားပေးခြင်း 
ဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးခြင်း 
ကိုယ်အလေးချိန်ထိန်းခြင်း 
စားချဉ့်ပြန်ရောဂါရှိရင် ကောင်းစွာကုသခြင်းဖြင့် ဝေဒနာကိုသက်သာစေပြီး နောက်ဆက်တွဲပြဿနာကိုနည်းစေပါတယ်။ 
ကလေးမှာ ပန်းနာရင်ကျပ်ရှိရင် ဆရာဝန်နဲ့ပုံမှန်ပြသဆွေးနွေးတိုင်ပင်ခြင်းက မရှိမဖြစ်အရေးကြီးပါတယ်။ ဒါမှသာ ကလေးအတွက်ကုသမှုကို လိုအပ်သလို ထိန်းညှိနိုင်မှာဖြစ်တဲ့အကြောင်း မျှဝေလိုက်ရပါတယ်။


 
 
 
  
 






